17000.00 MMK
Author:
ကက်စပါဇော်
ID: #1372
Pages: 366
- ဒီစာအုပ်က အကြမ်းစားစိတ်ပညာပဲ၊ ပြောင်းပြန်စိတ်ပညာပဲ၊ တော်လှန်တဲ့ စိတ်ပညာပဲ၊ ရက်စက်တဲ့ ဒဿနပဲ၊ အသုံးချစိတ်ပညာပဲ၊ သတ္တိရှိရတဲ့စိတ်ပညာပဲ၊ ကိုယ့်ကိုယ်ကိုယ် ပြောင်းလဲတဲ့စိတ်ပညာပဲ။ - ဒဿနပညာရှင်အဘိုးကြီးနဲ့ လူငယ်လေးတစ်ယောက် အပြန်အလှန်ဆွေးနွေးတဲ့ ပုံစံနဲ့ရေးထားတော့ အသက်ဝင်လှုပ်ရှားနေတယ်။ အဘိုးကြီးက အက်ဒလာရဲ့ အတွေးအမြင်တွေကို အသုံးပြုဆွေးနွေးပြီးတော့၊ ကျနော်တို့ရဲ့ သံသယတွေ ပြန်မေးချင်တာတွေကို လူငယ်လေးက ကိုယ်စားပြုပါတယ်။ - အဖွင့်မှာတင် ပက်လက်လန်ချင်စရာကောင်းအောင် ရိုက်ချက်ပြင်းပါတယ်။ စိတ်ဒဏ်ရာဆိုတာ မရှိဘူးလို့ ယတိပြတ်ငြင်းထားတော့၊ ဒီဘဲက ရမ်းလှချည်လားလို့ခံစားရပါတယ်။ ကျနော်က မသိစိတ်ရှာပုံတော် စာအုပ်ကိုဖတ်ပြီး ဖရိုဒ်ကို ဓာတ်ကျ နေခဲ့တာ။ အက်ဒလာက ဖရိုဒ်ပြတဲ့လောကကို ပြောင်းပြန်လှန် ဇောက်ထိုးဆွဲတော့တာပဲ။ - ဖရိုဒ်အလိုအရဆိုရင်၊ ဥပမာအားဖြင့် ငယ်ငယ်က မိဘတွေအိမ်ထောင်ကွဲ၊ အသုံးမကျဘူး ဘာညာနဲ့ အပြစ်တင်ခံရတဲ့ ကလေးက၊ ကြီးတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိတော့ဘဲ တစ်ခုခုကို ဖြစ်မြောက်အောင်မလုပ်နိုင်တော့ဘူး။ အဓိပ္ပါယ်က ငယ်ငယ်က ကြုံရတဲ့ စိတ်ဒဏ်ရာ အကြောင်းကြောင့် ကြီးတော့ ယုံကြည်မှုမရှိတော့ဘူးဆိုတဲ့ အကျိုးဖြစ်လာတာပေါ့။ - အက်ဒလာအလိုအရဆို၊ တစ်ခုခုဖြစ်မြောက်အောင်မလုပ်ချင်(ရဲ)ဘူး၊ ဒါကြောင့် ငယ်ငယ်က စိတ်ဒဏ်ရာအရ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိတာကြောင့်ဆိုတဲ့ အကြောင်းပြချက်ကို ဖန်တီးထားတယ်လို့ ပြောင်းပြန်တွေးပြတယ်။ အကျိုးအတွက်ဖန်တီးထားသောအကြောင်းတဲ့။ - အကြောင်းကြောင့် အကျိုးဖြစ်တယ်ဆိုတဲ့ ပြဋ္ဌာန်းခံဝါဒကို အပြတ်ဆန့်ကျင်ပြီး၊ လူက အဲလောက်မပျော့ညံ့ပါဘူးကွာ၊ အတိတ်က ဘာဖြစ်ခဲ့တယ်ဆိုတာ အရေးမကြီးပါဘူး၊ ကိုယ်ဖြစ်ချင်တာကို ပြောင်းလဲလို့ ရတယ်တဲ့။ ကိုယ်မလုပ်ချင်တာ၊ မလုပ်ရဲတာကို ကိုယ့်ဘာသာ အကြောင်းပြချက်တွေပေးပြီး လိမ်နေတာတွေ ကို ပြန်မြင်ရတာတော့ မသက်သာဘူး။ - အပြန်အလှန်ဆွေးနွေးချက်တွေက ကျနော်တို့ ပြဿနာလုပ်နေတဲ့ စိတ်ဒဏ်ရာတွေကို ပယ်ချလိုက်ပါတယ်။ ဒီစာအုပ်ထဲက စိတ်ဒဏ်ရာမျိုးတွေထက် ပိုဆိုးတဲ့ အပြင်းစားစိတ်ဒဏ်ရာတွေအတွက် ဆိုရင်ရော ဘယ်လိုပြောမလဲတော့ သိချင်မိတယ်။ - ဖတ်ကြည့်ပါ။ Drama ကင်းစင်ပြီး ရှင်းလင်းနေတဲ့ လောကက ပျော်စရာကောင်းနေပါတယ်။ လူမကြိုက်တာခံရဲတဲ့သတ္တိက မက်မောစရာကောင်းလှပါတယ်။