2500.00 MMK
Author:
ကျော်ရင်မြင့်
ID: #750
Pages:
ပွဲဈေးတန်းတစ်ခုမှာပါ။ ဈေးသည်တွေလည်း အများကြီးပေါ့။ ကောက်ညှင်းကျည်တောက်သည်လည်းရှိမယ်၊ မလိုင်၊ ကရေကရာသည်၊ မုန့်လင်မယားသည်၊ ပေါက်စီသည်၊ မုန့်သည်ပေါင်းစုံလည်းရှိပါမယ်။ဝက်သားတုတ်ထိုးသည်၊ ကလေးကစားစရာ အရုပ်သည်တွေလည်းရှိနိုင်တယ်။ ပူဖောင်းသည်၊ အထည်သည်ကအစ ဈေးသည်အစုံပွဲဈေးတန်းမှာ ရှိနိုင်ပါတယ်။မိုးပျံပူဖောင်းလေးတွေ ကောင်းကင်ကိုတလူလူနဲ့ ပျံတက်သွားတာကို တွေ့မြင်ဖူးကြတယ်။ တစ်ခါတစ်လေ မိုးပျံပူဖောင်းနီနီလေးကောင်းကင်မှာ လွင့်ပျံတက်လို့။ တစ်ခါတစ်ရံ မိုးပျံပူဖောင်းပြာပြာလေး လေထဲမှာ လွင့်မျောလို့... ဒီလိုနဲ့ မိုးပျံပူဖောင်းသည် လက်မလည်အောင် ပူဖောင်းရောင်းနေရတယ်။ တစ်ညနေခင်းမှာတော့ ပူဖောင်းသည်ရဲ့ပုဆိုးစကို တစ်စုံတစ်ယောက်က ဆွဲလိုက်တယ်တဲ့။ ပူဖောင်သည်လည်း သူ့ပုဆိုးစ တင်းခနဲ့ဖြစ်သွားတော့ ငုံ့ကြည်မိတာပေါ့။ ကလေးတစ်ယောက် သူ့ကိုမော့ကြည့်နေတယ်။ ပူဖောင်းသည်ကလည်း ကလေးကို ပူဖောင်းဝယ်ချင်တယ်ထင်ရဲ့ဆိုတဲ့ မျှော်လင့်ချက်နဲ့ မျက်စပစ်လိုက်ပြီး' ဘာလဲကွ ချာတိတ်' ဆိုပြီး ခပ်ရွှင်ရွှင်မေးတာပေါ့။ ချာတိတ်လေးက မိုးပျံပူဖောင်းသည်ကို ပြန်ပြုံးပြပြီး 'ဦးကိုတစ်ခုမေးချင်တယ်' လို့ပြောတယ်။ ပူဖောင်းသည်ကလည်း ခပ်သွက်သွက်ပါ။ မေးစေဗျား။ မေးပါ၊ မေးပါ ဆိုပြီး ပြန်ပြောတယ်။ ဟို...မှာ ပူဖောင်းနီနီလေး မိုးပေါ်ကို ပျံတက်သွားတယ်နော်' တဲ့။ မိုးပျံပူဖောင်းသည်က 'အေးပေါ့' ဆိုပြီး ပြန်ဖြေတယ်။ ကလေးကဆက်ပြီး' ပူဖောင်းပြာပြာလေးလည်း မိုးပေါ်ပျံတက်တယ်နော်' လို့ဆက်ပြောတယ်။အဲဒီတော့ သားက ဘာသိချင်တာလဲလို့ မိုးပျံပူဖောင်းသည်က ပြန်မေးလိုက်တယ်။ ကလေးက ခပ်သွက်သွက်ပဲ 'အနက်ရောင်ပူဖောင်းကော မိုးပေါ်ပျံတက်နိုင်သလား' ဆိုပြီး မေးလိုက်တယ်။ မိုးပျံပူဖောင်းသည်က ပထမတော့ ရယ်လိုက်ဦးမယ်လို့ပဲ။ ဒါပေမယ့် မရယ်ဘူး။ ပူဖောင်းသည်ရဲ့မျက်နှာက တည်ကြည်သွားတယ်။ ကလေးလေးသိချင်တဲ့အဖြေကို လေးလေးနက်နက်ပြန်ဖြေတယ်။ ' သားရေ ပူဖောင်းရဲ့အရောင်က နီချင်နီမယ်၊ ပြာချင်ပြာမယ်၊ အနက်ရောင်ဖြစ်ချင်ဖြစ်မယ်။ မိုးပေါ်ကို ပျံတက်ဖို့အတွက် ပူဖောင်းရဲ့ အရောင်က အရေးမကြီးဘူး။ ပူဖောင်းထဲမှာ မိုးပေါ်ကိုပျံတက်မယ့် စွမ်းအား၊ မိုးပေါ်ပျံတက်စေမယ့်အရာ ရှိဖို့သာလိုတယ်' တဲ့။ ဒီအဖြစ်အပျက်လေးမှာ တွေးစရာတွေအများကြီးရှိတယ်။ အောင်မြင်သူတွေ အောင်မြင်မှုရခြင်းရဲ့ အဓိကအကျဆုံးအချက်က သူတို့ကိုယ်အတွင်းမှာ အောင်မြင်ချင်တဲ့ 'စိတ်ဓာတ်' ရှိနေလို့ပါပဲ။ အောင်စိတ်မရှိဘဲ မအောင်နိုင်ဘူး။အောင်မြင်မှုကို လိုလားတဲ့သူဟာ ရှေးဦးပထမအောင်စိတ်ရှိကိုရှိရပါမယ်။ မိုးပေါ်ပျံတက်ဖို့အတွက် ပူဖောင်းရဲ့အရောင်က အရေးမကြီးပါဘူး။ ပူဖောင်းထဲမှာ မိုးပေါ်ပျံတက်မယ့် စွမ်းအား၊ မိုးပေါ်ပျံတက်စေမယ့်အရာ ရှိဖို့သာလိုတယ်ဆိုတဲ့ ပူဖောင်းသည် ပြောတဲ့စကားအမှန်ပါပဲ.... စာအုပ်ထဲမှပြန်လည်ဖော်ပြပေးခြင်းဖြစ်ပါသည်။