;
<p>လူမျိုးအသီးသီး၊ ဘာသာစကား အသီးသီးတို့တွင် အများအားဖြင့် စာနှင့်စာပေရှိကြ၏။ စာနှင့်စာပေ မရှိသော လူမျိုးငယ်များမှာ ယခုအခါ ကမ္ဘာပေါ်၌ ပြောပလောက်အောင် မရှိတော့ချေ။ စာပေသည် စာမှပေါ်ပေါက်လာ၏။ စာဟူသည်ကား စ...
လူမျိုးအသီးသီး၊ ဘာသာစကား အသီးသီးတို့တွင် အများအားဖြင့် စာနှင့်စာပေရှိကြ၏။ စာနှင့်စာပေ မရှိသော လူမျိုးငယ်များမှာ ယခုအခါ ကမ္ဘာပေါ်၌ ပြောပလောက်အောင် မရှိတော့ချေ။ စာပေသည် စာမှပေါ်ပေါက်လာ၏။ စာဟူသည်ကား စကား၏သင်္ကေတဖြစ်သော အက္ခရာများကို စုပေါင်းဖွဲ့စည်း၍ စံနစ်တကျ စီစဉ်ရေးသား တင်မှတ်ထားသော အမှတ်အသား ဖြစ်၏။
ဤတွင်၊ ဗျည်း သရ အက္ခရာများဖြင့် စုစည်းအပ်သော အရေးအမှတ်များသာမက၊ တရုတ်လူမျိုး၊ ရှေးရှေးအီဂျစ်လူမျိုးတို့ သုံးသော ရုပ်ပုံသင်္ကေတများမှ ဆင်းသက်လာသည့် အရေးအမှတ်များကိုပါ စာဟုခေါ်သည်။ ယခု မျက်မမြင်တို့ လက်ဖျားကလေးများဖြင့် စမ်း၍ဖတ်ရသော အမှတ်ဖု ကလေးများကိုလည်း စာဟုပင်ခေါ်ရပေမည်။ စာကို သုခုမအရာမြောက်အောင် (ဝါ)အနုပညာသက်ဝင်အောင် ဖွဲ့စည်းစီရင်တီထွင်သော် စာပေဟု ဖြစ်လာ၏။
စာမဖြစ်ပေါ်မီ စာပေမပေါ်ပေါက်နိုင်ပေ။ အချို့ ဘာသာစကားများတွင် ရှေးရှေးအခါက စာဟူ၍ မပေါ်ပေါက်သေးသော်လည်း သီချင်းများ၊ ကဗျာလင်္ကာများကို ဖွဲ့နွဲ့သီကုံးကာ စပ်ဆိုမှု ပြုကြသည်။