25000.00 MMK
Author:
လူထုဦးလှ
ID: #1411
Pages: 733
- တချို့က သိပ္ပံမောင်ဝရဲ့ စာများကိုဖတ်ပြီး သူ့အိမ်ထောင်ရေး၊ အိမ်တွင်းရေးများလောက်သာ ရေးနေသူ၊ သူ့အလုပ်အကိုင်အကြောင်းသာ ရေးနေသူလို့ မြင်ကြတယ်။ - တချို့က သိပ္ပံမောင်ဝစာတွေဟာ ကျွန်စော်နံတယ်၊ ဗျူရိုကရက်သံ ပါတယ်လို့ ဆိုကြတယ်။ ဒါပေမဲ့ သူ့စာတွေဟာ ဖတ်ချင့်စဖွယ်ရှိတယ်။ အဲဒီအထဲမှာ ရယ်မောစရာ၊ သင်ခန်းစာယူစရာ၊ လူ့သဘာဝများကို ဖော်ပြသွားတာ၊ ပြည်သူလူထုရဲ့ဘဝသရုပ်ကို ဖော်တာကလေးတွေ အများကြီးပါတယ်ဆိုတာကိုတော့ လက်ခံကြရသေးတာပဲ။ - တချို့ကတော့လည်း သိပ္ပံမောင်ဝစာတွေဟာ ကြေးနန်းစာနဲ့တူတယ်။ တချို့ကတော့လည်း လွယ်လွန်းတယ်။ ကလေးရေးတာလိုပဲလို့ ဆိုကြတယ်။ ဘယ်လိုပဲပြောကြပြောကြ သူရေးတာမျိုးကိုဖတ်ကြ၊ သူရေးတာမျိုးကိုကြိုက်ပြီး လိုက်ရေးကြသူများက စာဖတ်သူတွေနားလည်အောင် ရေးတတ်ကြတာတော့အမှန်ပဲ။ - အဲဒါအပြင် သိပ္ပံမောင်ဝ နာမည်ဝှက်အမျိုးမျိုးနဲ့ စာတွေအများကြီး ရေးသွားတယ်ဆိုတာ သိကြသူနည်းပါလိမ့်မယ်။ သိကြသူအများကလည်း မောင်မြသွင်၊ တင်မောင်မြင့် စတဲ့ နာမည်များနဲ့ရေးတာလောက်သာ သိကြလိမ့်မယ်။ - သိပ္ပံမောင်ဝ ပြဇာတ်တိုကလေးတွေ ရေးသွားတယ်ဆိုတာလည်း သိသူနည်းပါတယ်။ ပြဇာတ်တိုပေါင်း ၂၅ ပုဒ် ရေးခဲ့တဲ့အထဲက ဒီစာအုပ်မှာ ၁၄ ပုဒ် ဖော်ပြလိုက်ပါတယ်။ - ပြဇာတ်များ၊ မောင်သံချောင်းပေးစာများ၊ မောင်ထိပ်ပြောင်မှတ်တမ်းဆိုပြီး ရေးတာမျိုးများဟာ သိပ္ပံမောင်ဝနာမည်နဲ့ ရေးတဲ့အထဲမှာ တွေ့ရခဲတဲ့အကြောင်းအရာများနဲ့ ရေးဟန်များဖြစ်ပါတယ်။ - သိပ္ပံမောင်ဝရေးဟန်များကို လေ့လာနိုင်ဖို့ သူခေတ်စမ်းသမားမဖြစ်ခင် ဘီအေ အောက်တန်းမှာ ပညာသင်နေတုန်းကရေးခဲ့တဲ့ဆောင်းပါး၊ သူ့ထင်ရှားတဲ့ ကလောင်များနဲ့ ရေးတဲ့ဆောင်းပါး၊ ခေတ်စမ်းသမားအဖြစ်နဲ့ ရှေ့ဦးဆုံးရေးတဲ့ ဝတ္ထုဆောင်းပါး၊ မထင်ရှားတဲ့ကလောင်များနဲ့ရေးတဲ့ဆောင်းပါးများကိုလည်း ဒီစာအုပ်မှာ သင့်သလို နည်းနည်းစီ ထည့်သွင်းဖော်ပြထားပါတယ်။ - သိပ္ပံမောင်ဝရဲ့စာများကို အကဲဖြတ်ရာမှာ သူရေးခဲ့တဲ့စာစုံစုံကို မဖတ်ရဘဲ အကဲဖြတ်ရင် မမှန်နိုင်ပါ။ နာမည်ဝှက်မျိုးစုံနဲ့ သူရေးခဲ့တာတွေက များလွန်းတဲ့အတွက် သူ့စာတွေကို စုံစုံသိဖို့က ခက်နေပါတယ်။ ကျွန်တော်လက်လှမ်းမီတဲ့ အထဲက ထုတ်နုတ်ပြီး အခုတင်ပြလိုက်ပါတယ်။ - သိပ္ပံမောင်ဝစာတွေဟာ ဘယ်လိုရှိပါတယ်။ ဒါကြောင့် သူ့ကို ဘယ်လို မြင်ကြပါလို့ ကျွန်တော် ရှေ့နေမလိုက်ပါ။ သူ့စာတွေမှာ ဒီကနေ့အမြင်နဲ့ အားကောင်းချက်များရှိသလို အားနည်းချက်များရှိတယ်လို့ မြင်သူများလည်း ရှိကောင်းရှိပါလိမ့်မယ်။ ဒါပေမဲ့ သူ့ခေတ်သူ့အခါ သူ့နေရာက ရေးခဲ့တဲ့စာတွေထဲမှာ အခုကျွန်တော်တင်ပြလိုက်တဲ့ သူရေးတာမှန်းမသိခဲ့ကြတဲ့စာမျိုးတွေလည်း ပါပါသေးကလားဆိုပြီး စဉ်းစားဖို့တော့ လိုလာလိမ့်မယ်လို့ ယူဆပါတယ်။ (လူထုဦးလှ - ကောက်နုတ်ချက်)