25000.00 MMK
Author:
မောင်သန်းဝင်း (ရန်ကုန်တက္ကသိုလ်)
ID: #1468
Pages: 190
- မောင်သန်းဝင်း (ရန်ကုန်တက္ကသိုလ်) ၏ ကျမ်းမှာ ကုန်းဘောင်ခေတ်က စာဆိုတော်ဦးနု၏ ဘင်္ဂလားသွားမှတ်တမ်းလင်္ကာ လေ့လာချက်ကျမ်းဖြစ်သည်။ ကဗျာလင်္ကာဖြင့် ရေးဖွဲ့မှတ်တမ်းတင်ထားသော ခရီးသွားစာပေဖြစ်သည်။ - စာဆိုတော်ဦးနု (၁၁၂၄-၁၁၈၄) သည် ကုန်းဘောင်ခေတ် ဘိုးတော်ဘုရား (ဗဒုံမင်း) လက်ထက်တွင် ရွှေတောင်သာဂသူဘွဲ့ ချိးမြှင့်ခံရသော စာဆိုတော်ဖြစ်သည်။ ဘာသာစကားအများအပြားကို နှံ့နှံ့စပ်စပ်တတ်မြောက်သော ပညာရှင်ဖြစ်သည်။ - ရမ္မာဝတီမြို့ဝန် စသည့်တာဝန်များထမ်းဆောင်ရသည်။ ဘိုးတော်ဘုရား၏တာဝန်ပေးချက်အရ အိန္ဒိယနိုင်ငံသို့သွား၍ စာပေကျမ်းဂန်များ စုဆောင်းရှာဖွေဆောင်ယူလာခဲ့သူဖြစ်သည်။ ဘင်္ဂလားသွားမှတ်တမ်းလင်္ကာအပါဝင် ကျမ်းအများအပြားရေးသားပြုစုခဲ့သူဖြစ်သည်။ - သို့သော် ပေါ်ပေါက်ပြီးသော မြန်မာစာပေသမိုင်းကျမ်း၊ မြန်မာစာညွန့်ပေါင်းကျမ်း၊ စာဆိုတော်အတ္ထုပ္ပတ္တိကျမ်းများတွင် ရွှေတောင်သာဂသူဘွဲ့ခံ ဦးနု၏ဘဝနှင့် စာပေအကြောင်း မပါဝင်ဘူးသေးကြောင်း ဝမ်းနည်းဖွယ်တွေ့ရသည်။ ရှေးခေတ် သုတေသီများ ဂရုမပြုမိသော၊ မဖော်ထုတ်ခဲ့သော ထိုစာဆိုတော်ကြီး၏ ဘဝနှင့်စာပေအကြောင်းကို မောင်သန်းဝင်း (ရန်ကုန်တက္ကသိုလ်) ကဲ့သို့ နှောင်းခေတ်သုတေသီတစ်ဦးက ယခုကဲ့သို့ သုတေသနပြု၍ ဖော်ထုတ်တင်ပြလိုက်ခြင်းသည် မြန်မာစာပေသမိုင်းမှ လိုကွက်တစ်ကွက်ကို ဖြည်းဆည်းပေးလိုက်ခြင်းပင်ဖြစ်ပါသည်။ - ဤကျမ်းသည် ကုန်းဘောင်ခေတ် ၁၉ ရာစုအစပိုင်းတွင် မင်းမှုထမ်းစာဆိုပညာရှင်တစ်ဦး နိုင့်ငံ့တာဝန်ဖြင့် ပြည်ပနိုင်ငံသို့သွားခဲ့ရသည့် အတွေ့အကြုံကို ဖတ်ချင်စဖွယ်ရေးဖွဲ့ထားသော 'ဘင်္ဂလားသွားမှတ်တမ်းလင်္ကာ' ဟူသည့် ခရီးသွားမှတ်တမ်းစာပေတစ်ရပ်ကို နှစ်၂၀၀ ကျော်အကြာ ၂၁ ရာစုအစပိုင်းတွင် မြန်မာစာပေပညာရှင်တစ်ဦးက သမိုင်းမှတ်တမ်းတန်ဖိုး၊ စာပေတန်ဖိုးများပေါ်လွင်အောင် သုတေသနပြုဖော်ထုတ်ထားသည့် ကြိုးပမ်းမှုဖြစ်သည့်အတွက် ရှေးမြန်မာစာပေလေ့လာမှုကို ကောင်းစွာအထောက်အပံ့ပြုမည့် လုပ်ဆောင်ချက်တစ်ရပ်ဖြစ်သည်ဟု သုံးသပ်မိပါသည်။ _မောင်ခင်မင် (ဓနုဖြူ)